Monday, June 23, 2008

ဝမ်းနည်းခြင်းနှင့် ၀မ်းသာခြင်း

၂၀၀၈-ခုနှစ်၊ မေလ (၂) ရက်နှင့် (၃) ရက်နေ့ညက မြန်မာနိုင်ငံ ဧရာဝတီတိုင်း အောက်ပိုင်းနှင့် ရန်ကုန်တိုင်း အချို့ဒေသများတွင် တစ်နာရီလျင် ကီလိုမီတာ (၂၀၀) ခန့် အထိ ပြင်းထန်သော ဆိုင်ကလုံး Cyclone မုန်တိုင်း တိုက်ခတ်မှုကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်း နှစ်သန်းနီးပါး ကျောင်းမဲ့ အိမ်မဲ့ အဖြစ်သို့ ရောက်ခဲ့ရပြီး ရဟန်းရှင်လူ ပြည်သူအပေါင်း နှစ်သိန်းနီးပါးခန့် ပရမ်းပတာ သေဆုံးခဲ့ရသည့် အဖြစ်ဆိုးကြီးကား တသက်မှာ တခါကြုံခဲ့ရသည့် အလွန်ဝမ်းနည်း ကြေကွဲဖွယ် အဖြစ်ဆိုးကြီးတစ်ရပ်အဖြစ် မှတ်တမ်းတင် ခဲ့ရလေသည်။


ဤတသက်မှာ ဤအဖြစ်မျိုး နောက်တဖန် မကြုံတွေ့ပါရစေနဲ့ဟု ဆုတောင်းမိပါသည်။ ထို့ပြင် နောင်ဘ၀အဖြစ် ဆက်တိုင်းဆက်တိုင်း ဤမျှလောက်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဘောဂဗျဿန၊ ရောဂ ဗျဿန၊ ဥာတိဗျဿန၊ သီလဗျဿန၊ ဒိဋ္ဌိဗျဿနဟူသော စီးပွားပျက်၊ ဆွေမျိုးပျက်၊ မိသားစုပျက်၊ ကျန်းမာရေးပျက်၊ ကိုယ်ကျင့်သီလပျက်၊ ဘာသာရေးပျက်၊ လူမှုရေးပျက်ဟူသော ပျက်စီးခြင်းအမျိုးမျိုးတို့ကို ဘယ်ဘ၀မှာမှ မမြင်မတွေ့ ပါရစေနဲ့ဟု ဆုတောင်းမိပါသည်။ ထို့ပြင်လည်း မည်သည့်လူသား တစ်စုံတစ်ယောက်မျှ ဤကဲ့သို့သော ပျက်စီးခြင်း မျိုးစုံတို့ကို မထိတွေ့မခံစားကြရပါစေနှင့်ဟု ဆုတောင်းရပါသည်။

မိမိကိုယ်တိုင် ဤကဲ့သို့သော ပျက်စီးခြင်းမျိုးတို့ကို မထိတွေ့ မခံစားကြရစေကာမူ မိမိနိုင်ငံသူ နိုင်ငံသား ရဟန်းရှင်လူအများတို့ ဤမျှစပ်ခါးစူးရှသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရသည့် အဖြစ်ကို သိရှိ မြင်တွေ့ရသည့်အခါ မိမိ၏နှလုံးသားမှာလည်း ထိုဒုက္ခသည်များနှင့်မခြား အပ်သွားတစ်ရာဖြင့် ထိုးဆွခံရ ဘိသည့်အလား ပြင်းစွာသောဝေဒနာကို စူးစူးရှရှခံစားရပါသည်၊ ပြင်းစွာသော နှလုံးသား၏ တုန်လှုပ်ခြင်းကို မည်သို့တိုင်းတာရမည် မသိပေ။ ထို့ကြောင့် ထိုဒုက္ခသည်တို့၏ ဒုက္ခကို ငါသည်မည်မျှလောက် မည်သည့်နည်းဖြင့် စောင့်ရှောက်ကူညီရပါအံ့နည်းဟု အလေးအနက်စဉ်းစားမိခဲ့သည်၊ (ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿန ပဒဋ္ဌာနာ ကရုဏာ)။ ထို့ကြောင့် မေလ (ဂ) ရက်နေ့ ညတွင် သီတဂူအဖွဲ့ကို အရေးပေါ် အစည်းအဝေးခေါ်သည်။

Compassionate Common Platform ကရုဏာလမ်းကြောင်းကို တည်ဆောက်ကြရန် ထို လမ်းကြောင်းပေါ်မှာ လက်တွဲလမ်းလျောက်ကြရန် ကရုဏာ၏ သရုပ်ကို ပေါ်လွင်စေဘို့ Compassion in action. ဒုက္ခရောက်သူတို့ကို စောင့်ရှောက်ဘို့ လက်တွေ့လုပ်ရမည်ဟု မူစနစ်ကို ချမှတ်ခဲ့သည်။ ပါဠိဘာသာဖြင့် ပြောရလျှင် မနောကံကရုဏာမှ ကာယကံမြောက်ကရုဏာသရုပ်ဖေါ်အလုပ်ကို လုပ်ကြရမည်ဖြစ်သည်၊ လုပ်နိုင်စွမ်းရှိသူတို့ လုပ်ငန်းကျွမ်းကျင်လုပ်တတ်သူတို့မှာ လုပ်ချင်စိတ်ရှိဘို့ အရေးကြီးပါသည်၊ လုပ်ချင်စိတ်ပင် ရှိသော်လည်း လုပ်နိုင်စွမ်းမရှိလျှင် မလုပ်တတ်လျှင် ထိထိပေါက်ပေါက် အကျိုးမသက်ရောက်နိုင်ပေ။ သို့ဖြစ်ခြင်း ကြောင့် သီတဂူအဖွဲ့နှင့် သီတဂူ၏ တပည့်တို့ကို ဤသုံးချက်ဖြင့် လုပ်ငန်းခွင်သို့ သို့မဟုတ် ဒုက္ခရောက်သူတို့၏ နယ်မြေသို့ တွန်းပို့လိုက်သည်။

မေလ (၉) ရက်နေ့မှာ ဘိုကလေးမြို့နယ် ကွမ်းသီးချောင်းကျေးရွာ သီတဂူ ဓမ္မ၀ိဟာရကျောင်း တိုက်တွင် သီတဂူ ကူညီစောင့်ရှောက်ထောက်ပံ့ရေး ရှေ့တန်းစခန်းကို ဖွင့်လှစ်ခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပကို အသိပေးလိုက်သည်၊ လေဘေး ရေဘေးသင့်ကြသော ကျေးရွာများမှ သံဃာတော် တစ်ပါးတစ်ပါးနှင့် ရပ်ရွာလူကြီး ခေါင်းဆောင်တစ်ယောက်စီ တစ်ယောက်စီကို ဖိတ်ကြားလိုက်သည်၊ ဆန်များ အ၀တ်အထည်များ စောင် ခြင်ထောင်များ အိုးခွက်ပုဂံများ အမျိုးအမည်ပေါင်း တစ်ရာကျော်နှင့် အခြားအခြား စားစရာ အသုံးအဆောင် များကို လှူဒါန်းခဲ့သည်။ သီတဂူနှင့် အာရှတော်ဝင် ဆရာဝန် ဆရာမများဖြင့် ဆေးရုံဆေးခန်း လေးခု ဖွင့်လှစ် ခဲ့သည် (ကဒုံ၊ အမာ၊ စက်ဆန်း၊ ကွမ်းသီချောင်း) ကိုယ်တိုင် အလှူခံရရှိသည့် ဆေးဝါးဖြင့် ကုသပေးခဲ့သည်။ ဘိုကလေးမြို့ပေါ်ရှိ ဒုက္ခသည်များမှီခိုရာ ဘုန်းတော်ကြီးကျောင်း ဆယ်ကျောင်းသို့ သုံးကြိမ်သွားရောက်၍ ဒုက္ခသည်များအား ဆန် အ၀တ်အထည် နှင့် အခြားစားစရာ ၀တ္ထုငွေများလှူဒါန်းခဲ့သည်၊ ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများသို့ သွပ်ပြား အချပ်တစ်ရာစီနှင့် ကျောင်းပြင်ရန် ၀တ္ထုငွေ ကျပ်တစ်သိန်းစီ လှူဒါန်းခဲ့သည်၊ အချို့ကျောင်းများကို ငါးသိန်းစီ ဆယ်သိန်းစီလည်း ပေးလှူခဲ့သည်၊ ကဒုံကနိနှင့် အမာကျေးရွာများရှိ နိုင်ငံတော် အစိုးရဆေးရုံနှစ်ခုကို ပြင်ဆင်မွမ်းမံပေးခဲ့သည်၊ ဆေးရုံသုံးပစ္စည်းနှင့်ဆေးဝါးများအပြည့်အစုံ လှူဒါန်းပေးခဲ့သည်၊ ဘိုကလေးမြို့ နိုင်ငံတော်အစိုးရ ဆေးရုံကို လှူဒါန်းရန် ဒေါ်လာငါးသောင်းဖိုးခန့် တန်ဘိုးရှိသော ပစ္စည်းများ လှူဒါန်းရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်၊ ဇွန်လ (၉) ရက် တစ်လပြည့်မြောက် ဤယနေ့ထိ သီတဂူ သာသနာပြုအဖွဲ့က လှူဒါန်းထောက်ပံ့ ခဲ့သော ပမာဏမှာ -

၁။ မြို့နယ်ပေါင်း- ၆

၂၊ ကျောင်းပေါင်း- ၁၃၄၄

၃။ တစ်ကျောင်းလျှင် အနည်းဆုံး ကျပ်တစ်သိန်းစီဖြင့် သိန်းပေါင်း( ၁၃၄၄, ၀၀၀၀၀ ) ကျော် လှူပြီးဖြစ်သည်။

၎။ တစ်ကျောင်းလျှင် သွပ်ပြားအချပ်တစ်ရာနှုံးဖြင့် သွပ်အချပ်ရေ ( ၁၄၆၆၀၀ ) ကျော် လှူခဲ့ပြီးဖြစ်သည်။

၅။ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၄၄၊ ကျေးရွာပေါင်း (၉၀၀) ကျော်တို့အားလှူဒါန်းခဲ့
ပြီးသော ဆန်တစ်တင်းခွဲဝင် အိတ်ပေါင်းတစ်သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။

၆။ အ၀တ်အထည်နှင့် ဒန်အိုးဒန်ခွက် အခြားစားစရာများ ထရပ်ကားအစီးတိုက်ပေါင်း ၃၀၀ ကျော်ခဲ့ပြီး ဖြစ်ပါသည်။

၇။ ယနေ့သီတဂူအဖွဲ့က ဘိုကလေးပြည်သူဆေးရုံသို့ လှူဒါန်းခဲ့ပြီးသော ပစ္စည်းများမှာ

1. Ultrasound Mahine - ကွန်ပျူတာဓာတ်မှန်စက်

2. E C G Monitoring System - အရေးကြီးလူနာသုံး နှလုံးစမ်းသပ်စက်

3. E C G - နှလုံးစမ်းသပ်စက်

4. Anesthesia Machine - မေ့ဆေးစက်

5. Diathermy - လျှပ်စစ်ခွဲစိပ်စက်

6. Autoclave - ခွဲစိပ်ကိရိယာများပေါင်းတင်စက်

7. Surgical instrument Set - ခွဲစိပ်ခန်းသုံးပစ္စည်းကိရိယာများ

8. Defibrillator - နှလုံးနှိုးစက်

9. Electric Generator - လျှပ်စစ်ဓာတ်အားပေးစက်

10. Oxygen Concentrator - အောက်စီဂျင်ထုတ်လုပ်သည်စက်

11. Medicine Trolley - ဆေးတင်လှည်း

12. Dressing Trolley - သူနာပြုလှည်း

13. Instrument Trolley - ခွဲစိပ်ကိရိယာထည့်သောလှည်း

14. Patient Bed (16) - လူနာသုံးကုတင် (၁၆) လုံး

15. Bedside Locker (16) - လူနာသုံး စားပွဲဘီရို (၁၆) လုံး

16. Foot Suction - ခြေနင်း ချွဲစုပ်စက်

17. Oxygen Sylender - 10 Litre Bottle

18. B.P Calf with stand.

၈။ အမာမြို့နယ်ဆေးရုံသို့ လှူဒါန်းခဲ့ပြီးသောပစ္စည်းများမှာ -

1. Operation Bed - ခွဲစိတ်ခန်းသုံးကုတင်

2. Operation Light - ခွဲစိတ်ခန်းသုံးမီး

3. Anesthesia Machine - မေ့ဆေးစက်

4. Diathermy - လျှပ်စစ်ခွဲစိပ်စက်

5. E C G - နှလုံးစမ်းသပ်စက်

6. Autoclave - ခွဲစိပ်ကိရိယာများပေါင်းတင်စက်

7. Surgical Instrument Set - ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာများ

8. Electric Generator - လျှပ်စစ်ဓာတ်အားပေးစက်

9. Patient Bed and Bedside Table - လူနာကုတင်နှင့် စားပွဲဘီရို

၁၀။ ကဒုံကနိဆေးရုံသို့ ယခင်ကပင် ခွဲစိတ်ခန်း ဓာတ်ခွဲခန်း ဓာတ်မှန်ခန်းအတွက် အပြည့်အစုံ လှူဒါန်းခဲ့ပြီး ဖြစ်သော်လည်း လေဘေး ရေဘေးကြောင့်ပျက်စီးယိုယွင်း သွားသည်တို့ကိုပြန်လည် အစားထိုးရန် ပြင်ဆင်ထားသော ပစ္စည်းများမှာ -

1. အိမ်ခြေနှစ်ထောင် သုံးနိုင်သည့် ရေသန့်ထုပ်လုပ်ပေးမည့်စက်

2. E C G Machine

3. Cardiac Table

4. Medicine Trolley

5. Dressing Trolley

6. Instrument Trolley

7. Labour Table

8. Vaccum Extractor

9. Foot Suction

10. O2 Flowmeter

11. Fowler's Bed

12. Generator (60 KVA)

သီတဂူသာသနာပြုအဖွဲ့သည် သာသနာရေး ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို ဦးစားပေး၍ ကူညီ စောင့်ရှောက်ပေးနေပါသည်။ ဝေးလံသီခေါင်သော Remote Area ရှိ ဆင်းရဲနွမ်းပါးသော ဘုန်းတော်ကြီးသင် မူလတန်းကျောင်းများ အစိုးရမူလတန်းကျောင်းများကိုလည်း ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် ကျောင်းပေါင်း ဆယ်ကျောင်းခန့် ရွေးချယ်ထားပြီးဖြစ်ပါသည်၊ မိမိတို့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ခွင့်ရသလောက် ရဟန်းရှင်လူ ပြည်သူတို့၏ အကျိုးစီးပွားကို လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်၊ လိုအပ်သလောက် နှင့် လုပ်ချင်စိတ်ရှိသလောက် မလုပ်နိုင်သည့် မိမိတို့၏ အနေအထားကို ၀မ်းနည်းမိပါသည်။ ဤလောကတ္ထစရိယ လုပ်ငန်းအားလုံးတို့သည် ပြည်တွင်း ပြည်ပအလှူရှင်တို့၏ မေတ္တာ ကရုဏာ နှလုံးသားမှ သန့်ရှင်းစွာ ထွက်ပေါ်လာသည့် အလှူများ ဖြစ်ပါသည်။ အလှူဒါနကို မှီခို၍နေရသော ဤလောကတ္ထစရိယလုပ်ငန်းအားလုံးသည် အလှူဒါန အနည်းအများ ပေါ်မှာတည်မှီ၍ စောင့်ရှောက်မှုလုပ်ငန်း အနိမ့်အမြင့် အကျယ်အပြန့်ပမာဏအမျိုးမျိုးရှိမည် ဖြစ်ပါသည်။ မည်သို့ ပင်ဖြစ်စေ ရထားသည့် ဘ၀ကောင်းတစ်ခုမှာ မွန်မြတ်သော လုပ်ငန်းတစ်ခုကို ဤမျှလောက် လုပ်ကိုင်ခွင့်ရသည့် မိမိ၏ဘ၀ကို ၀မ်းမြောက်ကြည်နူးမိပါသည်၊ ၀ိုင်းဝန်းလှူဒါန်းကြသည့် အလှူရှင်များ၊ လုပ်အားဒါနပြုကြသည့် တပည့်ဒကာ ပြည်သူအများ၊ ၀ိုင်းဝန်းစောင့်ရှောက်အားပေးကူညီကြသည့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်မှ ၀န်ထမ်းများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်၊ ဂုဏ်ပြုပါသည်၊ မှတ်တမ်းတင်ပါသည်။

ကျန်းကျန်းမာမာ စိတ်ချမ်းသာစွာဖြင့် အသက်ရှည်ကြပါစေ။


ဒေါက်တာအရှင်ဉာဏိဿရ (Ph.D., D.Litt)
သီတဂူဆရာတော်
သီတဂူ သာသနာပြုဗိမာန်တော်
အမှတ် (၁၀)၊ ပင်လုံလမ်း၊ ပါရမီလမ်းထိပ်
မြောက်ဒဂုံ၊ ရန်ကုန်။





ရန်ကုန် သီတဂူသာသနာပြုဗိမာန်တော်မှ တင်ပိုခဲ့သော
ပြည်တွင်း။ပြည်ပ အလှူရှင်များ၏ လှူဒါန်းပစ္စည်းများ အမျိုးအမည် အလိုက် ကျပ်ငွေတန်ဖိုး
မေလ (၉) မှ ဇွန်လ (၉) ရက်နေ့အထိ
လချုပ်စာရင်း

စဉ် အမျိုးအမည် ပစ္စည်းအရေအတွက် ကျပ်ငွေသိန်ပေါင်း
၁။ အ၀တ်အထည် ၃၃၂,၆၅၃ ၆,၀၉၀
၂။ အစားအသောက်
၇၆,၂၉၂ ၂,၄၆၂
၃။ ဆေးနှင့် ဆေးပစ္စည်း ၆၉,၇၁၁ ၈၅၂
၎။ အမိုးအကာ ၆၆,၀၇၈ ၃,၈၅၅
၆။ န၀ကမ္မ အလှူငွေပေါင်း ၁,၃၆၀ ၁,၃၆၀

စုစုပေါင်း ၅၄၈,၃၅၆ ၁၇,၁၈၀




သီတဂူ သာသနာပြုအဖွဲ့
ဧရာဝတီိတိုင်း လေဘေး/ ရေဘေး ကယ်ဆယ်ရေး ကူညီပံ့ပိုး စောင့်ရှောက်ပေးရာ၌
(သွပ်) အမိုးအကာ၊ အစားအသောက်၊ အ၀တ်အထည်များ
လှူဒါန်းမှု မြိုနယ်အလိုက်နှင့် ကျေးရွာပေါင်း အကျဉ်းချုပ် စာရင်း


ဘိုကလေး မော်ကျွန်း ဖျာပုံ အမာ ဒေးဒရဲ ကွမ်းခြံကုန်း စုစုပေါင်း
ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၆၉ ၃၂၀ ၁၆၅ ၁၀၅ ၂၄၈ ၁၃၇ ၁,၃၄၄
သွပ်အချပ် ၃၆,၉၀၀ ၃၂,၀၀၀ ၁၆,၅၀၀ ၁၀,၅၀၀ ၂၄,၈၀၀ ၁၃,၇၀၀ ၁၃၄,၄၀၀
ငွေကျပ်သိန်း ၃၆၉ ၃၂၀ ၂၆၅ ၁၀၅ ၂၄၈ ၁၃၇ ၁,၃၄၄
ဆန်အိတ်ပေါင်း ၆,၁၀၅ ၇၀၅ ၁,၂၀၀ ၂,၀၉၅ ၂၄၀ ၃၂၀ ၁၀,၇၁၀
အ၀တ်နှင့် အိုးခွက်ပန်းကန် ၂,၅၀၀ ၇၃၀ ၁၆၅ ၃၁၀ ၂၈၀ ၂၀၀ ၄,၁၈၅
ဆေးနှင့် ဆေးရုံးသုံးပစ္စည်း


US$ - 150,000

မှတ်ချက် ... ဆေးရုံ (၃) ရုံအတွက် ဆေးရုံသုံးပစ္စည်း ကိရိယာများ တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်း ငါးသောင်းနှင့် အခြားပစ္စည်း (အထွေထွေ) အတွက် ကားအစီးရေ (၃၀၀) ခန်ဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီးဖြစ်ပါသည်။



Photo Gallery